မွန်နှင့်ကရင်ပြည်နယ် ထိစပ်နေသည့် ကျေးရွာအချို့တို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူနေသည့် လုပ်ငန်းစဉ်များ ရှင်းလင်းပြတ်သားမှုမရှိသည့်အပေါ် ဒေသခံများစိုးရိမ်နေကြောင်း သိရသည်။
အထူးသဖြင့် ဂျိုင်းမြစ်တစ်လျှောက်ရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းများကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ ဆက်တိုက်လုပ်ဆောင်နေပြီး သံသယရှိသူများကို ခေါ်ယူစစ်ဆေးခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းများ အရှိန်မြှင့်လုပ်ဆောင်နေသည်။
ဖမ်းဆီးခံရသူအချို့သည် ငွေကြေးပေးဆောင်ပြီး ပြန်လည်လွတ်မြောက်လာသူများရှိသလို မိသားစုများနှင့် အဆက်အသွယ်မရရှိသေးဘဲ သက်ဆိုင်ရာ တပ်ရင်းများတွင် ရက်ရှည်ကြာ ထိန်းသိမ်းခံရခြင်းနှင့် တပ်သားအဖွဲ့ဝင်အဖြစ်စုဆောင်းခံရခြင်းများ ရှိနေသည်။
ထို့ကြောင့် ဒေသတွင်းလက်ကိုင်အဖွဲ့များအနေဖြင့် သံသယရှိသူများကို ခိုင်လုံမှုရှိသည့် သက်သေအထောက် အထားနှင့်တကွ ဖမ်းဆီးပေးရန်၊ ဖမ်းဆီးခံရသည့် လူငယ်များကို တရားမျှတမှုရှိပြီး ထိရောက်မှုရှိသည့် အပြစ်ပေးအရေးယူခြင်းများ လုပ်ဆောင်ရန်နှင့် မိဘအုပ်ထိန်းသူများထံ သတင်းအချက်အလက်များ ပေးပို့ရန်လိုအပ်ကြောင်း ဂျိုင်မြစ်ဒေသခံ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မူးယစ်ဆေးဝါးကို ဖမ်းတာတော့ ကောင်းပါတယ်။ ဒါမဲ့ အချက်အလက်နဲ့တကွ ဖမ်းသင့်တယ်။ သံသယ ရှိရုံနဲ့ ခေါ်သွားပြီး စစ်ဆေးတာမျိုးတော့ မဖြစ်သင့်ဘူး။ တကယ်ရောင်းဝယ် ဖြန့်ဖြူးတဲ့သူတွေကို အရေး ယူတာက ကိစ္စမရှိပေမယ့် သုံးစွဲသူလူငယ်တွေကို ပြင်းပြင်းထန်ထန် အရေးယူတာကတော့ မသင့်လျော် ဘူး”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း တရနာ၊ ကော့ကသော် စသည့်ကျေးရွာ်များမှ မူးယစ်ဆေးဝါးကိစ္စများနှင့် ဆက်စပ်မှုရှိနေသည်ဟု သံသယရှိသည့် လူငယ် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး ထိန်းသိမ်းထားကြောင်း သိရသည်။
ဖမ်းဆီးမှုကြောင့် ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု လျော့နည်းလာမည်ဟု ယုံကြည်သော်လည်း တရားစီရင်ရေးကိစ္စများအပေါ် စိုးရိမ်နေရကြောင်းလည်း ဖမ်းဆီးမှုလုပ်ဆောင်နေသည့် ရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“ဖမ်းခံရတဲ့သူတွေ အကုန်လုံးက သက်သေရှိတာဖြစ်ဖြစ် မရှိတာဖြစ်ဖြစ် ပြစ်ဒဏ်ခံရတာကြီးပဲ။ အချို့တွေဆို အဲ့တပ်ရင်းမှာ စစ်သားလုပ်ခိုင်းတာလည်း ရှိတယ်။ စစ်သင်တန်းတက်ခိုင်းတာလည်းရှိတယ်။ ဒီလောက်ထိတော့ မဖြစ်သင့်ဘူးပေါ့နော်၊ ဒါတွေက တရားမျှတမှုမရှိနေဘူး”ဟု ၎င်းက ဆိုသည်။
မွန်နှင့် ကရင်ပြည်နယ် နယ်စပ်တစ်ဝိုက်ရှိ ကျေးရွာအချို့သည် ရာမညမွန်တပ်တော် RMA၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA/KNU) အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလက DKBA ဒေါနအနောက်ခြမ်း အမှတ် (၂)၊ ကွပ်ကဲရေးနည်းဗျူဟာ (၂) မှ မည်သူမဆို တရားမဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအား လက်ဝယ်ထားရှိခြင်း၊ ဖြန့် ဖြူးရောင်းချခြင်း၊ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေး အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
