Homeပရိုၚ်သထုံတွင် စစ်ကော်မရှင် စစ်ကြောင်းက ဖမ်းဆီးသွား ဒေသခံနှစ်ဦး ပြန်မလွတ်သေး

သထုံတွင် စစ်ကော်မရှင် စစ်ကြောင်းက ဖမ်းဆီးသွား ဒေသခံနှစ်ဦး ပြန်မလွတ်သေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းက ဒေသခံအရပ်သားပြည်သူနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လွတ်လာခြင်း မရှိသေးဘူးဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။

စစ်ကော်မရှင် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခလရ (၈)၊ ပျူစောထီးအဖွဲ့နှင့် အမှတ် (၃၁၄) အမြှောက်တပ်ရင်း ပူးပေါင်းအင်အား ၁၀၀ ကျော်ရှိသည့် စစ်ကြောင်းသည် ဇူလိုင်လ ၅ ရက်နေ့ကစပြီး ဒေါရပ်ကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာနှင့် ကဒီပုကျေးရွာအုပ်စု ကြက်ခြေခတ်ကျေးရွာအနီးသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။

ဒေသတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် စစ်ကြောင်းဘက်က ၅ ဦး သေဆုံးကာ၊ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်တပ်က ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် အရပ်သားပြည်သူများ၏ ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များကို သိမ်းယူပြီး၊ မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်မောင်းတစ်ဦးနှင့် တက်တူကုန်းကျေးရွာနေ ခွန်ထက်ဦးတို့ကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားက ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း KNU က ဆိုသည်။

၎င်းပြင် တက်တူကုန်းကျေးရွာနှင့် ကြက်ခြေခတ်ကျေးရွာအကြားရှိ အရပ်သားပြည်သူ နေအိမ်များကို စစ်တပ် တပ်ဖွဲ့ဝင်များက ဖောက်ထွင်းရှာဖွေကာ အိမ်အသုံးအဆောင်ပစ္စည်းများ အတင်းအဓမ္မ ယူဆောင်သွားပြီး၊ နေအိမ် ၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

သထုံမြို့နယ်အတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းနှင့် တိုက်ပွဲများကြောင့် ဒေသခံအရပ်သားပြည်သူများ၏ အသက်အိုးအိမ်၊ ပိုင်ဆိုင်မှုများ ထိခိုက်ဆုံးရှုံးရသည့်အပြင် လုံခြုံရေးအခြေအနေလည်း စိုးရိမ်ဖွယ်ရာ ဖြစ်ပေါ်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။

သထုံခရိုင်အတွင်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ရှိသည့်အပြင် သောင်းနှင့်ချီသည့် ဒေသခံပြည်သူတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဗမာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကွန်ရက်က ထုတ်ပြန်ထားသည်။

RELATED ARTICLES

Most Popular

Recent Comments

nara on DSCF1116