ပြည်တွင်းပြည်ပ မွန်ပြည်သူလူထုများ၏ အားပေးမှုကြောင့် ရာမညထီ စတင်ဖွင့်လှစ်ရောင်းချချိန်မှစ၍ ၂ နှစ်နီးပါးကာလအထိ ရောင်းအားကျဆင်းသွားခြင်းမရှိဟု ထီကော်မတီဝင်များ၏ ပြောကြားချက်အရ သိရသည်။
မွန်ပြည်သစ်ပါတီ (NMSP) ခေါင်းဆောင်ပိုင်းတာဝန်ရှိသူများ၏ ဦးဆောင်စီစဉ်မှုဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ပြည်သူများလက်ဝယ် စတင်ဖွင့်လှစ်ရောင်းချပေးခဲ့သည့် “ရာမညထီ” သည် လာမည့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ၂ နှစ်ပြည့်မြောက်ပြီးဖြစ်ကြောင်း သိရသည်။
ထီအပတ်စဉ်တစ်ခုလျှင် လက်မှတ်အရေအတွက် ရှစ်သောင်းနီးပါးအထိ ရောင်းအားရှိနေပြီး ပကတိအတိုင်းဆက်လက် လည်ပတ်နေဟုလည်း ရာမညထီကော်မတီဝင်တစ်ဦးက ဆိုသည်။
"မွန်ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှု အားကောင်းတာကြောင့် ထီရောင်းအားကျသွားတာမရှိဘူး၊ ပကတိအရင်အတိုင်းပဲ ရောင်းအားရှိနေတယ်။ ထီလက်မှတ်ကတော့ မွန်ဒေသ အနယ်နယ်အရပ်ရပ်မှာရော၊ နိုင်ငံခြားမှာတော့ ကိုယ်စားလှယ်တွေထားပြီး ရောင်းချပေးနေတာပါ” ဟု ၎င်းက ပြောသည်။
ပြည်တွင်းအားပေးလိုသူများအနေဖြင့် ထီလက်မှတ်များကို မြေပြင် (offline) လက်မှတ်အပြင် ပြည်ပမှ အားပေးလိုသူများအတွက် ဒီဂျစ်တယ်လက်မှတ်များဖြင့် နှစ်လတစ်ကြိမ် ဖွင့်လှစ်ရောင်းချပေးနေသည်။

ဆုကြေးများကိုလည်း ပထမဆု ကျပ်သိန်း ၃,၀၀၀ ၊ ဒုတိယဆု ကျပ်သိန်း ၁,၀၀၀ ၊ တတိယဆု ကျပ်သိန်း ၃၀ ၊ စတုတ္ထဆု ကျပ်သိန်း ၂၀ (ဆု ၁၀ ဆု) နှင့် ပဉ္စမဆု ကျပ် ၁၀ သိန်းဟု သတ်မှတ်ထားသည်။
ရာမညထီမှ ရရှိလာသည့် အကျိုးအမြတ်များကို မွန်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သုံးစွဲလျက်ရှိကြောင်းလည်း အထက်ပါ ထီကော်မတီဝင်က ဆိုသည်။
“ ရာမညထီကနေရရှိလာတဲ့ အမြတ်ဘဏ္ဍာငွေတွေကို မွန်ဒေသရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မွန်ပြည်သစ်ပါတီရဲ့ ဦးဆောင်မှုနဲ့ ဆက်လက်ကူညီသွားဖို့ ကဏ္ဍအလိုက် ထောက်ပံ့ဖို့ စီစဉ်ထားတာ ရှိသေးတယ် ” ဟု အထက်ပါ ထီကော်မတီမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
၂၀၂၅ ခုနှစ်အတွင်း မွန်ပြည်သစ်ပါတီ၏ ဦးဆောင်မှုနှင့် ထီကော်မတီတို့က ရာမညထီမှ ရရှိသည့် အကျိုးအမြတ်များဖြင့် မွန်အမျိုးသားပညာရေးကဏ္ဍရှိ ဆရာ၊ ဆရာမများ၏ လစဉ်ထောက်ပံ့ကြေးများအတွက်လည်းကောင်း၊ စစ်ဘေးရှောင်ပြည်သူများအတွက်လည်းကောင်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း သတ်မှတ်ထားသော ဆုငွေတန်ဖိုးများကို မြှင့်တင်ရန်နှင့် ပေါက်မဲနံပါတ်များကို ထပ်တိုးရန်လိုအပ်ကြောင်း မွန်ပြည်သူလူထုများ၏ ပြောဆိုမှုများ ရှိနေသည်။
လက်ရှိတွင် ရာမညထီကို ပြည်တွင်း၌ ၂,၀၀၀ ကျပ်၊ ထိုင်းတွင် ဘတ် ၂၀၊ မလေးရှားနိုင်ငံတွင် ၂ ရင်းဂစ်၊ အမေရိကန်နှင့် စင်ကာပူနိုင်ငံတို့တွင် ၁ ဒေါ်လာ စသည့်နှုန်းထားများဖြင့် ရောင်းချပေးနေသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က ရာမညထီ ၁၁ ကြိမ်မြောက် ဖွင့်လှစ်ခဲ့ပြီး ကံထူးသူများကို သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ဆုငွေများ ထုတ်ပေးနေသည်။
ထီလက်မှတ်နှုန်းထား၊ ဆုငွေပေးအပ်မှုပုံစံ၊ ထီပေါက်စဉ်များနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရာမညထီ လူမှုကွန်ရက်စာမျက်နှာ (Htee Mai Rehmonnya) တွင် အချိန်နှင့်တပြေးညီ အဆင့်ဆင့်ထုတ်ပြန်ပေးနေသဖြင့် ဝင်ရောက်ကြည့်ရှုရန်လည်း ကော်မတီဝင်များက တိုက်တွန်းထားသည်။
